စပိန်ကလပ် အက်သလက်တီကိုအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့အင်္ဂလန်ကွင်းလယ်လူ ဂယ်လက်ဟာကို ခေါ်ယူဖို့အတွက် နှစ်ဖက်အသင်းကြား သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဂယ်လက်ဟာနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ စာချုပ်သက်တမ်းက လာမယ့်ဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်တာကြောင့် လည်း ချယ်လ်ဆီးအသင်းက ရောင်းချဖို့အတွက် ဆန္ဒရှိနေခဲ့တာပါ။

အခုအချိန်မှာတော့ အက်သလက်တီကို အသင်းရဲ့ ဂယ်လက်ဟာအတွက် ပေါင်(၃၃)သန်းတန် ကမ်းလှမ်းချက်ကို ချယ်လ်ဆီးအသင်းက လက်ခံလိုက်ပြီဖြစ်ပြီး ကစားသမားနဲ့ညှိနှိုင်းဖို့အတွက်သာ ကျန်ရှိတော့တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြတာ ဖြစ်ပါတယ်။
အသက်(၂၄)နှစ်အရွယ်သာရှိသေးတဲ့ ဂယ်လက်ဟာက ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း (၁)နှစ်ကျန်ရှိနေ သေးသလို အသင်းမှာပဲ ဆက်နေချင်တယ်လို့ ပြောကြားထားခဲ့ဖူးသူဖြစ်လို့ အက်သလက်တီကိုအသင်းအနေနဲ့ ကစားသမားနဲ့ သဘောတူညီမှုရဖို့ ခက်ခက်ခဲခဲ ကြိုးစားရဖွယ်ရှိတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။