လီဗာပူးအသင်းဟာ ဂျူဗင်တပ်အသင်းကနေ ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့တဲ့ အီတလီ တောင်ပံကစားသမား ချီယေဆာကို ဩဂုတ်လ(၂၉)ရက်နေ့မှာ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။
ချီယေဆာဟာ ဂျူဗင်တပ် နည်းပြ သီယာဂိုမော့တာ လက်ထက်မှာ အသင်းရဲ့လူစာရင်းကနေ ထုတ်ပယ်ခံထားရသလို ဂျူဗင်တပ်အသင်းက ရောင်းချ မယ့်စာရင်းထဲ ပါဝင်နေခဲ့တာပါ။
အသက်(၂၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ချီယေဆာကို လီဗာပူးအသင်းက ခေါ်ယူဖို့ အတွက် အပိုဆုကြေးအပါအဝင် ပြောင်းရွှေ့ကြေး ယူရို(၁၂)ဒသမ(၃)သန်းကိုသာ ဂျူဗင်တပ်အသင်းကို ပေးချေခဲ့ရတာဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ ကစားသမားသစ်ဖြစ်လာခဲ့တဲ့အတွက် ပျော်ရွှင်မိသလို အသင်းရဲ့ ကမ်းလှမ်းချက်ကို သိရပြီးချင်းမှာပဲ လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာလို့ ချီယေဆာက ပြောပါတယ်။
ချီယေဆာ ဟာ လီဗာပူးအသင်းနဲ့ (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ကျောနံပါတ်(၁၄)ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။