(၂၀၂၄-၂၀၂၅)ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်မဲခွဲပွဲတွေကို ဩဂုတ်လ(၂၉)ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုက ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မဲခွဲပွဲကို ဂျူဗင်တပ်ဂိုးသမားဟောင်း ဘူဖွန်နဲ့အတူ ပါဝင်ကူညီပေးခဲ့တာဖြစ်ပြီး မဲခွဲပွဲ အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အထူးဆုကိုလည်း ဂုဏ်ပြုချီးမြှင့်ခံခဲ့ရတာပါ။
အသက်(၃၉)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ မန်ယူ၊ ရီးရဲလ်၊ ဂျူဗင်တပ်အသင်းတို့မှာ ကစားခဲ့တဲ့အတောအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး (၁၄၁)ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပြီး သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဖလားကို မန်ယူ၊ ရီးရဲလ်အသင်းတို့နဲ့အတူ (၅)ကြိမ်အထိရရှိခဲ့ပြီး (၂၀၁၆)ခုနှစ်ကနေ (၂၀၁၈)ခုနှစ်အတွင်း ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့အတူ ဂျူဗင်တပ်ဂိုးသမား ဘူဖွန်ကလည်း ယူအီးအက်ဖ်အေဥက္ကဋ္ဌကပေးတဲ့ အထူးဆုကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။