မြောက်လန်ဒန်ဒါဘီမှာ စပါးအသင်းကို အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်လာပြီလို့ အာဆင်နယ်နည်းပြ အာတီတာက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပြီး နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့ ပထမပိုင်း မပြီးခင်မှာပဲ အာဆင်နယ်အသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရခဲ့ပြီး ပွဲအပြီးမှာ စပါးအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ စပါးနဲ့ပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲဆက်နိုင်ပွဲပျောက်ခဲ့လို့ အာဆင်နယ်အသင်း ဖိအားများခဲ့သလို စပါးနဲ့ပွဲမှာလည်း နောက်ကနေ လိုက် ကစားခဲ့ရပေမယ့် အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့လို့ အာဆင်နယ်အသင်း ပုံစံကောင်းပြန်ရလာတယ်လို့ အာတီတာက ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။
အခုနိုင်ပွဲကြောင့် ဇယားထိပ်ဆုံးက ဦးဆောင်သူ လီဗာပူးထက် ၁ ပွဲပို ကစား ထားပြီး ၄ မှတ်အကွာကို အာဆင်နယ်အသင်း ရောက်လာခဲ့တာပါ။ ဒါ့ကြောင့်လည်း အာတီတာက ပုံစံကောင်း ပြန်ရလာတဲ့ အာဆင်နယ်အသင်းက လီဗာပူးအသင်းကို ချန်ပီယံပြေးလမ်းမှာ ဖိအားလိုက်ပေးနိုင်တော့မှာ ဖြစ်တယ်လို့ သတိပေးသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ပွဲတွေမှာလည်း စပါးနဲ့ပွဲလိုမျိုး ပုံစံကောင်းကို ဆက်လက်ပြသနိုင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ အာတီတာက ပြောသွားခဲ့ပါတယ်။