ရာသီကုန်မှာ ဆောက်သမ်တန်အသင်းကို ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်အောင်လုပ်ဖို့က ခက်ခဲတဲ့အလုပ်တစ်ခု ဖြစ်တယ်လို့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ဂျူရစ်က ပြောကြားခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းဟာ အခုရာသီမှာ ရလဒ်ပိုင်းဆိုးရွားနေတာကြောင့် နည်းပြဟောင်း မာတင်နဲ့လမ်းခွဲပြီးနောက် ရိုးမားအသင်းနည်းပြဟောင်း ဂျူရစ်နဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခရစ်စမတ်ကာလမတိုင်ခင် အမှတ်ပေးဇယားရဲ့ အဆင့် (၂၀)နေရာမှာ ရပ်တည်နေတဲ့အသင်းတွေထဲက ရာသီကုန်မှာ တင်ကျန်ရစ်နိုင်ခဲ့တာက (၃၂)ရာသီအတွင်း ပရီးမီး ယားလိဂ်သမိုင်းမှာ (၄)သင်းသာ ရှိခဲ့ပါတယ်။ အခုလက်ရှိအသင်းရဲ့အခြေအနေကြောင့် ဆောက်သမ်တန်အသင်း ကို ရာသီကုန်မှာ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်အောင်လုပ်ဖို့က ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်တယ်လို့ နည်းပြသစ် ဂျူရစ်က ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ အသင်းမှာကစားသမားကောင်းတွေရှိတာကြောင့် လာမယ့်ပွဲစဉ်တွေမှာ ရလဒ် ကောင်းရဖို့အတွက် ကြိုးစားသွားရမယ်လို့လည်း နည်းပြဂျူရစ်က ပြောကြားခဲ့ပါသေးတယ်။

ဆောက်သမ်တန်အသင်းဟာ နည်းပြဂျူရစ်နဲ့ (၁၈)လသက်တမ်းရှိတဲ့စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပြီး အသင်းကို ရလဒ်ကောင်းတွေရရှိအောင် လုပ်ဆောင်ပေးနိုင်လိမ့်လို့ ယုံကြည်နေပါတယ်။ အခုဘောလုံးရာသီမှာ ရလဒ်ဆိုးရွား နေခဲ့တဲ့ ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်(၁၇)ပွဲ ကစားပြီးချိန်မှာ (၁)ပွဲသာ အနိုင်ရခဲ့ပြီး (၃)ပွဲ သရေ ကျကာ (၁၃)ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၂၀)နေရာမှာ ရပ်တည်နေခဲ့ပါတယ်။