ပရီးမီးယားလိဂ်တန်းတက် ဆောက်သမ်တန်အသင်းဟာ ပေါ်တူဂီကလပ် စပို့တင်းအသင်းရဲ့ ကွင်းလယ်လူ မားသီးယက်စ် ဖာနန်ဒက်စ်ကို ပေါင် ၁၅ သန်းဝန်းကျင်နဲ့ ခေါ်ယူလိုက်ပါတယ်။
ပေါ်တူဂီ ယူ-၂၁ လက်ရွေးစင် ဖာနန်ဒက်စ်ဟာ ဆောက်သမ်တန်အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်တာဖြစ်ပြီး အသင်းနဲ့ ဆေးစစ်မှုတွေ ပြီးဆုံးခဲ့ပြီးနောက် အပြီးသတ်စာချုပ် ချုပ်ခဲ့တာဖြစ်ပါတယ်။
စပို့တင်းအသင်းနဲ့ လူငယ်ကစားသမားဘဝကို ဖြတ်သန်းခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ၂၀၂၂ မှာ စပို့တင်းအသင်းကြီးနဲ့အတူ ပွဲထွက်ခွင့်ရခဲ့တာပါ။
ပြီးခဲ့တဲ့ဘောလုံး ရာသီကတော့ ပေါ်တူဂီကလပ် အက်စ်တိုရေးအသင်းကို အငှားနဲ့ သွားကစားခဲ့ရပြီး အက်စ်တိုရေးအသင်းနဲ့ ပေါ်တူဂီလိဂ်ပွဲ ၂၈ ပွဲအထိ ကစားပေးထားခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်ကို လာရောက်ပြီး ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ အိပ်မက်တွေက အခုအချိန်မှာ ပြည့်မြောက်လာခဲ့တာဖြစ်သလို အသင်းသစ်နဲ့အတူ ပျော်ရွှင်စွာ တိုးတက်မှုတွေရဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ ဖာနန်ဒက်စ်က ပြောသွားခဲ့ပါတယ်။
ဆောက်သမ်တန်နည်းပြ မာတင်ကလည်း ဖာနန်ဒက်စ်က အသက် ၂၀ နှစ်အရွယ်သာရှိသေးပေမယ့် ကွင်းလယ်အတွက် အရေးပါတဲ့ အင်အားဖြည့်မှုဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။