တားမြစ်ဆေးသုံးစွဲခဲ့တယ်လို့ စစ်ဆေးတွေ့ရှိတာ ခံခဲ့ရပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ ခံယူခဲ့ရတဲ့ ကမ္ဘာ့အဆင့်-၁ အီတလီတင်းနစ်သမား ဆင်နာဟာ တာဝန်အရှိဆုံးသူတွေဖြစ်တဲ့ အရိုးအကြော ပညာရှင်၊ ကြံ့ခိုင်မှုနည်းပြတို့နဲ့ လမ်းခွဲလိုက်ပါတယ်။
ဆင်နာဟာ ပြီးခဲ့တဲ့မတ်လက ဆေးစစ်မှုတွေမှာ တားမြစ်ဆေးသုံးစွဲထားတယ်ဆိုပြီး ဆေးကျခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဆင်နာရဲ့ ကြွက်သားဒဏ်ရာကို ကုသတဲ့ ဒဏ်ကြေဆေးတွေမှာ တားမြစ်ဆေးပါဝင်တာကို မသိခဲ့ဘဲ သုံးစွဲခဲ့မိတယ်လို့ ပြန်လည်ဖြေရှင်းခဲ့တာကြောင့် ပွဲပယ်ခံရမယ့်အဖြစ်က ဝေးခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ဖြစ်ရပ်တွေ ဖြစ်ခဲ့အပြီးမှာ ဆင်နာဟာ အရိုးအကြောပညာရှင်ဖြစ်တဲ့ ဂီယာကိုမို နယ်ဒီ၊ ကြံ့ခိုင်ရေးနည်းပြ ဖာရာရာတို့နဲ့ လမ်းခွဲလိုက်တာပါ။
အခုလမ်းခွဲလိုက်တဲ့ ပညာရှင်နှစ်ယောက်စလုံးက သူ့ရဲ့ ကစားသမားဘဝမှာ အရေးပါတဲ့သူတွေ ဖြစ်ကြတဲ့အတွက် ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချခဲ့ရတာဖြစ် တယ်လို့ ဆင်နာက သူ့ရဲ့ကြေညာချက်မှာ ရေးသားထားပါတယ်။
ဆင်နာဟာ လက်ရှိအချိန်မှာ အခုနှစ် တင်းနစ် ရာသီရဲ့ နောက်ဆုံး ဂရင်းစလမ်ပြိုင်ပွဲဖြစ်တဲ့ ယူအက်စ်အိုးပင်းအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။