ဂျူဗင်တပ်အသင်းဟာ အတ္တလန္တာအသင်းရဲ့ နယ်သာလန်ကွင်းလယ်လူ ကော့ပ်မိုင်နာကို ပေါင် ၄၆ ဒသမ ၁ သန်း နဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ကော့ပ်မိုင်နာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ယူရိုပါလိဂ်ချန်ပီယံဆု ရခဲ့တဲ့ အတ္တလန္တာအသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ဘောလုံးရာသီ နှစ်ခုအတွင်း အတ္တလန္တာအသင်းအတွက် ၃၃ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ကော့ပ်မိုင်နာဟာ ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် နယ်သာလန်အသင်းလူစာရင်းမှာ ပါဝင်ခွင့် မရခဲ့တာလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက စီးရီးအေမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ၂၃ မှတ်အကွာ တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီးနောက် နည်းပြသစ်အဖြစ် မော့တာကို ခန့်အပ်ထားခဲ့သလို အခုနွေရာသီမှာ အသင်းကို အားဖြည့်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်ထားခဲ့ တာဖြစ်ပါတယ်။
အခုနွေရာသီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်အသင်းဟာ ဗီလာကွင်းလယ်လူ ဒေါက်ဂလက်စ် လုဇ်၊ ပေါ်တိုကွင်းလယ်လူ ကွန်ဆီကာအိုတို့အပါအဝင် ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ထားခဲ့တာ ဖြစ်ပြီး နည်းပြမော့တာရဲ့ ကစားကွက်နဲ့ အံမဝင်နိုင်တဲ့ ကစားသမားတွေကိုလည်း ရောင်းချမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။