ချီလီအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ဖြစ်တဲ့ ကိုလံဘီယာအသင်းနဲ့ ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားတယ်လို့ အာဂျင်တီးနားနည်းပြ စကာလိုနီက ပြောကြားခဲ့ပါတယ်။
လက်ရှိ အာဂျင်တီးနားအသင်းမှာ ကွင်းလယ်လူ အယ်လစ္စတာနဲ့ တောင်ပံတိုက်စစ်မှူး ဂွန်ဇာလက်ဇ်တို့ ကြံ့ခိုင်မှုပြဿနာ ရှိပေမယ့် ကိုလံဘီယာနဲ့ပွဲမှာတော့ ဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
ဒီကစားသမား ၂ ယောက်စလုံးက ချီလီအသင်းနဲ့ပွဲမှာ အသင်းအတွက် ပွဲချိန်ပြည့်ကစားခဲ့ကြသူတွေဖြစ်လို့ လာမယ့် ကိုလံဘီယာနဲ့ပွဲမှာလည်း ကစားနိုင်ဖို့ကို နည်းပြ စကာလိုနီက မျှော်လင့်နေတာဖြစ်ပါတယ်။
ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ ၇ ပွဲကစားပြီးချိန် ရမှတ် ၁၈ မှတ်နဲ့ ထိပ်ဆုံးမှာရပ်တည် နေတာဖြစ်ပါတယ်။
အသင်းရဲ့အဓိက ကစားသမားလို့ပြောရမယ့် မက်ဆီမပါဝင်နိုင်ချိန်မှာ အသင်းနိုင်ပွဲတွေ ရအောင် ကြိုးစားခဲ့ကြတဲ့ ကစားသမားတွေရဲ့ အားထုတ်မှုကို ချီးကျူးရမှာဖြစ်သလို ချီလီအသင်းနဲ့ပွဲက ခြေစွမ်းမျိုး ကိုလံဘီယာအသင်းနဲ့ပွဲမှာလည်း ပြသနိုင်ဖို့ မျှော်လင့်ထားတယ်လို့ နည်းပြ စကာလိုနီက ပြောသွားခဲ့တာ ဖြစ်ပါတယ်။