ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားသစ်ဖြစ်လာတဲ့ တိုက်စစ်မှူးအမ်ဘာပေဟာ ပြင်သစ်ဒုတိယတန်းကလပ် ကိန်းအသင်းရဲ့ပိုင်ရှင်ဖြစ်လာဖို့ နီးစပ်နေပြီလို့ သတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
ကိန်းအသင်းရဲ့ရှယ်ယာ (၈၀)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားခဲ့တဲ့ အမေရိကန်ငွေကြေး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်တဲ့ Oaktree ဟာ အသင်းရဲ့ရှယ်ယာတွေကို ပြန်ရောင်းဖို့ဆုံးဖြတ်ခဲ့ပြီး အမ်ဘာပေက ဝယ်ယူဖို့အတွက် လုပ်ဆောင်နေခဲ့တာပါ။

အမ်ဘာပေဟာ ကိန်းအသင်းရဲ့ရှယ်ယာ (၈၀)ရာခိုင်နှုန်းကို ဝယ်ယူဖို့အတွက် ယူရို(၁၅)သန်း ရင်းနှီး မြှုပ်နှံသွားမှာဖြစ်သလို အသင်းရဲ့အကြွေးတွေကို ဆပ်ပေးသွားမှာဖြစ်တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက် အရသိရပါတယ်။
အသက်(၂၅)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အမ်ဘာပေဟာ (၂၀၁၄)ခုနှစ်မှာ မိုနာကိုအသင်းကို မပြောင်းရွှေ့ခင် ကိန်းအသင်းကိုရောက်ဖို့ နီးစပ်ခဲ့တာဖြစ်ပြီး ရှယ်ယာရှင်သစ် ဖြစ်လာမယ်ဆိုရင် ဘောလုံးသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကလပ်အသင်းပိုင်ရှင်အဖြစ်လည်း စံချိန်တင်နိုင်တော့မှာပဲဖြစ်ပါတယ်။