ဘိုလော့နာအသင်းကနေ ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့တဲ့ အီတလီနောက်ခံလူ ကာလာဖီအိုရီကို အာဆင်နယ်အသင်းဖော်တွေက ဇူလိုင်လ(၂၉)ရက်နေ့မှာ ကြိုဆိုခဲ့ကြပါတယ်။ ကာလာဖီအိုရီဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်ခဲ့ရာမှာ အောင်မြင်ခဲ့တာကြောင့် အာဆင်နယ်အသင်းကို တရားဝင် ပြောင်းရွှေ့လာခဲ့တာပါ။
ကစားသမားသစ်ဖြစ်လာခဲ့တဲ့ ကာလာဖီအိုရီဟာ အသင်းနဲ့တရားဝင်ကြေညာပြီးချင်းမှာပဲ အမေရိကန်မှာ ခြေစမ်းပွဲကစားနေတဲ့ အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးကို ချက်ချင်းဆိုသလို ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့လေ့ကျင့်ရေးမှာ လာရောက်ပူးပေါင်းခဲ့တဲ့ ကာလာဖီအိုရီကို အာဆင်နယ်နည်းပြ အာတီတာနဲ့အတူ အသင်းဖော်တွေက ကြိုဆိုခဲ့ကြပါတယ်။
ကာလာဖီအိုရီကလည်း အသင်းကိုရောက်လာခဲ့တဲ့အတွက် ပျော်ရွှင်မိသလို ရလဒ်ကောင်းတွေရအောင် ကြိုးစားသွားကြမယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ကာလာဖီအိုရီကိုခေါ်ယူဖို့အတွက် အပိုဆုကြေးအပါအဝင် ပြောင်းရွှေ့ကြေး ပေါင်(၄၂)သန်း ပေးချေခဲ့ရပြီး (၅)နှစ် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။