နည်းပြဆောက်ဂိတ် ထွက်ခွာသွားပြီးတဲ့နောက် နည်းပြလစ်လပ်နေတဲ့ အင်္ဂလန်အသင်းဟာ လာမယ့် နေးရှင်းလိဂ်ပွဲတွေကို တာဝန်ယူဖို့အတွက် ယာယီနည်းပြအဖြစ် ကာစလေကို ခန့်အပ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့် စက်တင်ဘာလထဲမှာ နေးရှင်းလိဂ်ပွဲတွေအဖြစ် အိုင်ယာလန်၊ ဖင်လန်အသင်းတွေနဲ့ ကစားဖို့ရှိနေတာပါ။
နည်းပြဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ၂ ရက်အကြာမှာ နည်းပြအဖြစ်ကနေ နုတ်ထွက်သွားခဲ့တာဖြစ်ပြီး အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်ဟာ အခုချိန်ထိ နည်းပြသစ်ကို မခန့်အပ်နိုင်သေးတာ ဖြစ်ပါတယ်။
ကာစလေကတော့ အင်္ဂလန်ယူ -၂၁ အသင်းနဲ့အတူ ၂၀၂၃ ယူ-၂၁ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းကို တာဝန်ယူခဲ့ဖူးတဲ့ ဝီလ်ကင်ဆန်၊ ပီးယာ့စ်နဲ့ ဆောက်ဂိတ်တို့ဟာ ယူ-၂၁ နည်းပြတွေအဖြစ်ကနေ လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ အစဉ်အလာတွေရှိခဲ့ဖူးတာကြောင့် လာမယ့်နေးရှင်းလိဂ်ပွဲတွေအတွက် ကာစလေကို ယာယီ နည်းပြ ဖြစ်လာဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
အသက် ၅၀ အရွယ် ကာစလေဟာ ဒါဘီ၊ အဲဗာတန် အသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်အတွေ့အကြုံရှိထားခဲ့ပြီးနောက် ၂၀၁၁ မှာ ကစားသမား ဘဝက အနားယူခဲ့ တာဖြစ်ပါတယ်။