နည်းပြဘာဟယ်တာကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ အမေရိကန်လက်ရွေးစင်အသင်းဟာ လီဗာပူးအသင်းရဲ့ နည်းပြဟောင်း ကလော့ပ်ကို နည်းပြသစ်အဖြစ်ခန့်ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အမေရိကန်အသင်းဟာ (၂၀၂၄)ကိုပါအမေရိကဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ရပေမယ့် အုပ်စုအဆင့်မှာတင် ပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့် နည်းပြဘာဟယ်တာကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကလော့ပ်ဟာ နည်းပြဘဝကနေ အချိန်အတိုင်းတာတစ်ခုအထိ အနားယူဖို့အတွက် လီဗာပူးအသင်းက ထွက်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အမေရိကန်အသင်းရဲ့ နည်းပြရာထူးကို စိတ်ဝင်စားခြင်း မရှိဘူးလို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
အမေရိကန်အသင်းဟာ (၂၀၂၄)ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဥရုဂွေး၊ ဘိုလီးဗီးယား၊ ပနားမားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့အတွက် ရေပန်းစားခဲ့ ပေမယ့်လည်း တစ်ပွဲသာ အနိုင်ရခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ပနားမားအသင်းနဲ့ ပွဲစဉ်မှာ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့်လည်း အမေရိကန်ပရိသတ်တွေက နည်းပြဘာဟယ်တာကို ဝေဖန်မှုတွေ လုပ်ခဲ့ ပြီး အသင်းကနေထုတ်ပယ်ဖို့ တောင်းဆိုခဲ့သလို အမေရိကန်အသင်းကလည်း ဇူလိုင်လ (၁၀) ရက်နေ့မှာ ရာထူးကနေ တရားဝင်ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။