အမေရိကန်တင်းနစ်မယ် ပီဂူလာဟာ ယူအက်စ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်မှာ ကမ္ဘာ့အဆင့်-၁ ဆွီယာတက်ခ်ကိုအနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ခဲ့ပါတယ်။
ဆီဒင်အဆင့်-၆ ရထားတဲ့ ပီဂူလာက သူရဲ့ကစားသမားဘဝမှာ ဂရင်းစလမ်ပြိုင်ပွဲတစ်ခုရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို အရင်က တက်ခဲ့ဖူးတာ မရှိပေမယ့် အခုနှစ် ယူအက်စ်အိုးပင်းမှာတော့ အကောင်းဆုံးလက်စွမ်းကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပရိသတ်ရဲ့ အားပေးမှုကိုလည်း ရခဲ့တဲ့ ပီဂူလာဟာ ဆွီယာတက်ခ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ လက်စွမ်းကောင်းကို ပြသသွားခဲ့ပြီး ပွဲကစားချိန် ၁ နာရီခွဲနီးပါးအကြာမှာပဲ ဆွီယာတက်ခ်ကို (၆း၂၊၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ ဆွီယာတက်ခ်ကလည်း အမှားအယွင်းတွေ များခဲ့ပြီး အမှတ်တွေ အလွယ်တကူ ပေးခဲ့ရတာ တွေလည်း ရှိခဲ့တာပါ။
ပီဂူလာဟာ သူရဲ့ ကစားသမားဘဝ ပထမဆုံး ဂရင်းစလမ် ဆီမီးဖိုင်နယ်ပွဲအဖြစ် ချက် တင်းနစ်မယ် မူချိုဗာနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
မူချိုဗာကတော့ ကွာတားဖိုင်နယ်အဆင့်မှာ ဘရာဇီးတင်းနစ်မယ် မိုင်ယာကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။