မန်ယူအသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ တောင်ပံကစားသမားဟောင်း နာနီဟာ ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ ဒီဇင်ဘာလ(၈)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။

အသက်(၃၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နာနီဟာ အခုလက်ရှိအချိန်မှာ ပေါ်တူဂီကလပ် အမာဒိုရာအသင်းမှာ ကစားနေခဲ့တာဖြစ်ပြီး ကစားသမားဘဝကနေ အနားယူဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ။ ပရိုကစားသမားဘဝကနေ အနားယူဖို့အတွက် ဆုံးဖြတ်လိုက်ပြီမလို့ အခုအချိန်က ပရိသတ်တွေကို နှုတ်ဆက်ရတော့မယ့် အချိန်ဖြစ်လာပြီလို့ နာနီက သူ့ရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်မှာ အသိပေးခဲ့ပါတယ်။

ကစားသမားဘဝ နှစ်(၂၀)အတွင်း အမှတ်တရတွေ၊ ကူညီပေးခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်မိသလို အနာဂတ်မှာ လုပ်ဆောင်ရမယ့် အရာတွေအတွက် အာရုံစိုက် ရတော့မယ်လို့လည်း ရေးသားခဲ့ပါတယ်။

နာနီဟာ သူ့ရဲ့ ကစားသမားဘဝကို စပို့တင်းအသင်းနဲ့ (၂၀၀၅)ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ် (၄)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နာနီဟာ ကစားသမားဘဝကနေ အနားယူဖို့ ကြေညာခဲ့ တာကြောင့် နိုဝင်ဘာလ(၁)ရက်နေ့က ကစားခဲ့တဲ့ စပို့တင်းအသင်းနဲ့ပွဲစဉ်က သူ့ရဲ့နောက်ဆုံး ပွဲစဉ်လည်း ဖြစ်သွား ခဲ့ရပါတယ်။