အယ်အက်ဒုအသင်းနဲ့ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အယ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ ပရိုကစားသမားဘဝ (၂၄)နှစ်ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ ပါတယ်။ အယ်နာဆာအသင်းဟာ အယ်အက်ဒုအသင်းနဲ့ပွဲစဉ်မှာ (၃)ဂိုး၊ (၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး တိုက်စစ်မှူး ရော်နယ်ဒိုက ပွဲချိန်(၄၂)မိနစ်မှာ ပင်နယ်တီကတစ်ဆင့် ဂိုးသွင်းယူပေးခဲ့တာပါ။

ရော်နယ်ဒိုဟာ ပရိုကစားသမား ဘဝကို (၂၀၀၂)ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး သွင်းဂိုးတွေကို အခုအချိန်ထိ နှစ်တိုင်းသွင်းယူနိုင်ခဲ့တာြဖစ်ပါတယ်။ ဒီစွမ်းဆောင်ရည်တွေကြောင့်ပဲ ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းမှာ (၂၄)နှစ်ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့သူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

အခုလိုမျိုး စံချိန်သစ်တင်နိုင်ခဲ့ပြီးနောက် နှစ်တစ်နှစ်ကို အကောင်းဆုံး စတင်နိုင်ခဲ့ပြီလို့ ရော်နယ်ဒိုက သူ့ရဲ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်မှာ ရေးသားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝကို စပို့တင်း၊ မန်ယူ၊ ရီးရဲလ်၊ ဂျူဗင်တပ်နဲ့ အယ်နာဆာအသင်းတို့မှာ ကစားခဲ့တာဖြစ်သလို သွင်းဂိုး(၉၁၇)ဂိုးအထိ သွင်းယူပေးထားသူလည်း ဖြစ်ပါတယ်။