နောက် ၄ နှစ်အကြာ ၂၀၂၈ မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားတဲ့ လော့စ်အန်ဂျလိစ်မြို့က မြို့သူမြို့သားတွေဟာ အိုလံပစ်ပြိုင်ပွဲအတွက် ကြိုတင်စိတ်လှုပ်ရှားနေကြပါတယ်။

အိုလံပစ် ပြိုင်ပွဲအလံဟာ လော့စ်အန်ဂျလိစ်မြို့ကို ရောက်ရှိလာခဲ့ပြီးနောက်မှာ အိုလံပစ်ပြိုင်ပွဲအတွက် မြို့သူ မြို့သားတွေက အခုလိုမျိုး စိတ်လှုပ်ရှားနေကြတာလည်း ဖြစ်ပါတယ်။

လော့စ်အန်ဂျလိစ်မြို့က စာရင်းကိုင် ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ချာရတီ မန်လေးက သူမအနေနဲ့ ၂၀၂၈ အိုလံပစ်ပြိုင်ပွဲမှာ စေတနာ့ဝန်းထမ်းအဖြစ် လုပ်အားပေးဖို့အတွက် ပြိုင်ပွဲကျင်းပရေး တရားဝင်ဝက်ဘ်ဆိုက်မှာ သွားရောက် စာရင်းပေးသွင်းပြီးပြီဖြစ်သလို အိုလံပစ်ပြိုင်ပွဲကို လာရောက်ကြမယ့်သူတွေကိုလည်း အပြည့်အဝ ကြိုဆိုပေးသွားမှာဖြစ်တယ်လို့ ပြောသွားခဲ့ ပါတယ်။

နိုင်ငံတကာအိုလံပစ် ကော်မတီဟာ ၂၀၂၈ အိုလံပစ်ပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လော့စ်အန်ဂျလိစ် မြို့ကို ၂၀၁၇ ကတည်းက ရွေးချယ်ထားခဲ့တာဖြစ်ပြီး လော့စ်အန်ဂျလိစ်အနေနဲ့ နွေရာသီအိုလံပစ်ပြိုင်ပွဲကို ၁၉၃၂ နဲ့ ၁၉၈၄ တို့ပြီးနောက် တတိယအကြိမ်မြောက်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။