၂၀၂၄-၂၀၂၅ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်မဲခွဲပွဲတွေကို ဩဂုတ်လ(၂၉)ရက်နေ့က ပြင်သစ်နိုင်ငံ၊ မိုနာကိုမြို့မှာ ကျင်းပခဲ့ပါတယ်။
ဒီမဲခွဲပွဲမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်ဂိုးသမားဟောင်း ဘူဖွန်တို့ ပါဝင်ကူညီပေးခဲ့ကြတာပါ။
ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းက အင်တာမီလန်အသင်းနဲ့ အိမ်ကွင်း၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်အသင်းတို့နဲ့ အဝေးကွင်း စသဖြင့် အသင်းကြီးတွေချင်း ထိပ်တိုက်တွေ့ဆုံနေခဲ့ပါတယ်။
အာဆင်နယ်အသင်းက ပီအက်စ်ဂျီ အသင်းနဲ့ အိမ်ကွင်း၊ အင်တာမီလန်အသင်းနဲ့ အဝေးကွင်း စသဖြင့် ကစားသွားရမှာ ဖြစ်ပါတယ်။

နည်းပြ အာနီစလော့ လက်ထက် လီဗာပူးအသင်းဟာ ရီးရဲလ်မက်ဒရစ်၊ လေဗာကူဆင်တို့နဲ့ အိမ်ကွင်း၊ လိုက်ပ်ဇစ်၊ အေစီ မီလန်အသင်းတို့နဲ့ အဝေးကွင်း စသဖြင့် အသင်းကြီးချင်း ထိပ်တိုက်တွေ့ဆုံနေကြတာကို တွေ့ရပါတယ်။
ဗီလာ အသင်းက ပြိုင်ဘက်အသင်းကြီးတွေအဖြစ် ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်အသင်းတို့နဲ့ အိမ်ကွင်း၊ လိုက်ပ်ဇစ်အသင်း နဲ့ အဝေးကွင်းကစားသွားရမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲကို အခုဘောလုံးရာသီမှာ ပုံစံသစ်ပြောင်းလဲခဲ့တာ ဖြစ်ပြီး ကလပ်အသင်းတစ်သင်းဟာ မတူညီတဲ့ ပြိုင်ဘက်အသင်း(၈)သင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်းပွဲစဉ်တွေကို ကစားသွားရမှာ ဖြစ်ပါတယ်။
ပွဲစဉ်အားလုံးပြီးဆုံးသွားခဲ့မယ်ဆိုရင် အမှတ်ပေးဇယားရဲ့ ရမှတ်အများဆုံး ထိပ်ဆုံး (၈)သင်းက ရှုံးထွက်အဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။