၂၀၂၄ ပဲရစ် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့ရာမှာ ပြင်သစ် သမ္မတ မက်ခရွန်းကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် ရှောင်ဇေလီဇေး လမ်းမနဲ့ ပဲရစ်မြို့လယ်က ရင်ပြင်မှာ ကျင်းပခဲ့တဲ့ အခုဖွင့်ပွဲအခမ်းအနားက အားကစားကွင်း ပြင်ပမှာ ပထမဆုံး ကျင်းပတဲ့ မသန်စွမ်းအိုလံပစ်ဖွင့်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
မသန်စွမ်းအိုလံပစ်ပြိုင်ပွဲဖွင့်ပွဲအတွက် ပဲရစ်မြို့မှာ လုံခြုံရေးအခြေအနေကို တင်းကျပ်ထားပြီး လုံခြုံရေးဝန်ထမ်း ၁၅၀၀၀ လောက်ကို အသုံးပြုထားခဲ့တယ်လို့ သိရပါတယ်။

ကနေဒါ ဂီတပညာရှင် ဂွန်ဇာလက်ဇ်ရဲ့ ဖျော်ဖြေမှုနဲ့အတူ မသန်စွမ်းအိုလံပစ်ဖွင့်ပွဲအခမ်းအနားကို စတင်ခဲ့တာဖြစ်ပြီး ဆွီဒင် အကပညာရှင် အက်ခ်မန်းနဲ့ အနုပညာရှင်ပေါင်း ၅၀၀ ပူးပေါင်းဖန်တီးထားတဲ့ ကပွဲ ကလည်း စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။
အခုဖွင့်ပွဲအခမ်းအနားကို ပရိသတ်ပေါင်း ၅ သောင်းကျော် တက် ရောက်ခဲ့တယ်လို့ သိရပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၁၆၉ သင်းရဲ့ ကစားသမားတွေလည်း ချီတက်ခဲ့ကြပါတယ်။
အခုနှစ် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှာ အားကစားနည်း ၂၂ မျိုးယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြိုင်ပွဲဝင်ကစားသမား ၄၄၀၀ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။