ဇူလိုင်လ(၁၁)ရက်နေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ ဥရုဂွေးအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ကိုလံဘီယာ အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ကိုလံဘီယာအသင်းဟာ ဥရုဂွေးအသင်းကို ဦးဆောင်ဂိုး အရင်သွင်းယူနိုင်ခဲ့သလို ပထမပိုင်းမှာတင် အနီကတ်ထိခဲ့ပေမယ့် အနိုင်ရရှိအောင် ကစားနိုင်ခဲ့တာပါ။
ကိုလံဘီယာအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန်(၃၉)မိနစ်မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ ထောင့်ကန်ဘော ပေးပို့မှုကို ကွင်းလယ်လူ လာမာက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
ဒီဂိုးကို ဖန်တီးပေးခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကလည်း (၂၀၂၄)ကိုပါအမေရိကပြိုင်ပွဲမှာ ဂိုးဖန်တီးမှု(၆)ကြိမ်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဥရုဂွေးအသင်းဟာ အခုပွဲစဉ်မှာ ဂိုးရရှိမယ့် အခွင့်အရေးကောင်းတွေကို ရခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့သလို တစ်ယောက်လျော့နေတဲ့ ကိုလံဘီယာအသင်းကို အနိုင်ရအောင် မကစားနိုင်ခဲ့ပါဘူး။
ကိုလံဘီယာအသင်းကတော့ ဗိုလ်လုပွဲစဉ်အဖြစ် လက်ရှိချန်ပီယံအာဂျင်တီးနားအသင်းနဲ့ ဇူလိုင်လ(၁၅)ရက်နေ့မှာ ကစားသွားရမှာ ဖြစ်ပါတယ်။