အမေရိကန်အမျိုးသမီး အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၂ ကြိမ်ရရှိထားသလို အမေရိကန်အမျိုးသမီး လက်ရွေးစင်အသင်းသမိုင်းမှာ သွင်းဂိုးအများဆုံးဖြစ်တဲ့ တိုက်စစ်မှူး အဲလက်စ်မော်ဂန်ဟာ ကစားသမားဘဝ ကနေ အနားယူလိုက်ပြီလို့ စက်တင်ဘာ ၅ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
သူမဟာ ဒုတိယမြောက်ရင်သွေးကို လွယ်ထားရပြီဖြစ်ပြီး စက်တင်ဘာ ၈ ရက်မှာ ကလပ်အသင်း ဆန်ဒီယေဂိုဝေ့ဗ်အသင်းအတွက် ကစားမယ့် ပွဲစဉ်က ကစားသမားဘဝ နောက်ဆုံးပွဲစဉ် ဖြစ်လာမယ်လို့ အသက် ၃၅ နှစ်အရွယ် မော်ဂန်က ပြောသွားခဲ့တာပါ။
ကစားသမားဘဝက အနားယူဖို့ကို ဆုံးဖြတ်ရတာက ခက်ခဲတယ်ဆိုပေမယ့် ၂၀၂၄ နှစ်ဆန်းပိုင်းလောက်ကစပြီး ဘောလုံးကစားရတာ နောက်ဆုံးနှစ်ဖြစ်လိမ့်မယ်လို့ ခံစားမိခဲ့ပါတယ်လို့ မော်ဂန်က ပြောသွားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ လက်ရွေးစင်အသင်းအတွက် ပထမဆုံး ကစားပေးခွင့်ရခဲ့တဲ့ မော်ဂန်ဟာ အမေရိကန်အမျိုးသမီးအသင်း ရဲ့ နာမည်ကျော် ကစားသမားတစ်ယောက်ဖြစ်လာခဲ့သလို အမျိုးသမီး အားကစားသမားတွေ တန်းတူအခွင့်အရေး ရဖို့ကိုလည်း ဦးဆောင်လှုပ်ရှားခဲ့သူတွေထဲမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
မော်ဂန်ဟာ လက်ရွေးစင်သွင်းဂိုး ၁၂၃ ဂိုး အထိ သွင်းယူထားခဲ့ပြီး အမေရိကန် အမျိုးသားနဲ့ အမျိုးသမီး လက်ရွေစင်အသင်းသမိုင်းမှာတော့ ပဥ္စမမြောက် ဂိုးအများဆုံးသွင်းယူသူအဖြစ် မှတ်တမ်းဝင်ထားတာ ဖြစ်ပါတယ်။