ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ဥရုဂွေးကွင်းလယ်လူ အူဂါတေးကို ခေါ်ယူဖို့ အတွက် သဘောတူညီမှုရခဲ့ပြီလို့ ဩဂုတ်လ(၂၇)ရက်နေ့က ဖော်ပြခဲ့တဲ့သတင်းတွေအရ သိရပါတယ်။
အခု ရာသီမှာ လူအင်အားဖြည့်တင်းဖို့ လုပ်ဆောင်နေတဲ့ မန်ယူအသင်းဟာ ကစားသမားသစ်တွေကို ခေါ်ယူနေပြီး အူဂါတေးကိုပါ အသင်းရဲ့ကွင်းလယ်အတွက် ခေါ်ဖို့ကမ်းလှမ်းခဲ့တာပါ။
ပီအက်စ်ဂျီအသင်းကလည်း အခုရာသီ အပြောင်းအရွှေ့မှာ ဘင်ဖီကာကွင်းလယ်လူ ဂျာအိုနီဗက်စ်ကို ခေါ်ယူခဲ့တာကြောင့် အူဂါတေးကို ပြန်ရောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ အူဂါတေးရဲ့အပြောင်းအရွှေ့အတွက် ပီအက်စ်ဂျီအသင်းကို အပိုဆုကြေးအပါအဝင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ဝန်းကျင် ပေးချေသွားရလိမ့်မယ်လို့ သတင်းတွေက ဆက်လက်ဖော်ပြခဲ့ပါသေးတယ်။
မန်ယူအသင်းအနေနဲ့ အူဂါတေးကိုခေါ်ယူနိုင်မယ်ဆိုရင် အခုအပြောင်းအရွှေ့ရဲ့ (၅)ယောက်မြောက် လူခေါ်ယူမှုလည်း ဖြစ်လာမှာဖြစ်ပါတယ်။