အိုင်ယာလန် အမျိုးသမီးလက်ဝှေ့မယ် ကယ်လီ ဟာရီတန်ဟာ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသမီး လိုက်ဖ်ဝိတ်တန်း လက်ဝှေ့ပွဲစဉ်မှာ ရွှေတံဆိပ်ဆုကို ဆက်ထိန်းနိုင်ခဲ့ပြီးနောက် ကစားသမားဘဝက အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဗိုလ်လုပွဲစဉ်မှာ တရုတ်လက်ဝှေ့မယ် ဝမ်လုနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ကစားသမား ၂ ယောက်စလုံးရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဟာရီတန်ရဲ့ ထိုးချက်တွေက ဝမ်လုကို ပိုမိုဖိအားပေးနိုင်ခဲ့သလို ထိရောက်မှုလည်း ရှိခဲ့တာပါ။
ပွဲအပြီး ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်မှာလည်း ဟာရီတန်ကို အနိုင်ပေးခဲ့တာကြောင့် လိုက်ဖ်ဝိတ်တန်း အိုလံပစ် ရွှေတံဆိပ်ဆုကို ၂ ကြိမ်ဆက် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဟာရီတန်ဟာ အိုလံပစ်ရွှေတံဆိပ်ဆုကို ၂ ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့ ပထမဆုံး အိုင်ယာလန်လက်ဝှေ့မယ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ပြီးနောက် အသက် ၃၄ နှစ်အရွယ် ဟာရီတန်က အခုချိန်မှာ သူ့ရဲ့လက်ဝှေ့အိတ်ကို အနားပေးရတော့မယ့် အချိန်ကို ရောက်လာပြီလို့ ပြောကြားသွားခဲ့ပြီး အနားယူဖို့ ဆုံးဖြတ်ချက်ကို ကြေညာသွားခဲ့တာဖြစ်ပါတယ်။
အိုလံပစ်ချန်ပီယံအဖြစ်နဲ့ အနားယူချင်တဲ့သူ့ရဲ့ဆန္ဒကလည်း ပြည့်ဝသွားခဲ့ပြီဖြစ်တယ်လို့ ဟာရီတန်က ပြောသွားခဲ့ပါတယ်။