အမေရိကန် တာတိုအပြေးသမား နိုအာလိုင်လက်စ်ဟာ ကစားသမားဘဝ ပထမဆုံးအိုလံပစ်ရွှေတံဆိပ်ဆုကို မီတာ ၁၀၀ ပြေးပွဲမှာ ရယူနိုင်ခဲ့ပါတယ်။
ကမ္ဘာ့အမြန်ဆုံး ကစားသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ် ခြင်းခံထားရတဲ့ လိုင်လက်စ်ဟာ အိုလံပစ်ပြိုင်ပွဲတွေမှာ အမြင့်ဆုံးအဖြစ် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ မီတာ ၂၀၀ ပြေးပွဲမှာ ကြေးတံဆိပ်ဆုသာ ရရှိထားနိုင်ခဲ့တာဖြစ်ပါတယ်။
ပဲရစ်အိုလံပစ်ရဲ့ မီတာ ၁၀၀ ပြေးပွဲ ဗိုလ်လုပွဲက တော်တော်လေး အကြိတ်အနယ်ရှိခဲ့ပြီး ဂျမေကာနိုင်ငံသား သွန်ပဆင်နဲ့ လိုင်လက်စ်တို့ဟာ ပြိုင်တူနီးပါး ပန်းဝင် လာခဲ့ကြတာဖြစ်လို့ ပန်းဝင်ဓာတ်ပုံ အဆုံးအဖြတ်ကို ခံယူခဲ့ရတာဖြစ်ပါတယ်။
အားလုံးက အနိုင်ရသူကို သွန်ပဆင် လို့ ထင်ခဲ့ကြပေမယ့် ပန်းဝင်ဓာတ်ပုံအဆုံးအဖြတ်အရ လိုင်လက်စ်ကို အနိုင်ရသူအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အခုပွဲမှာ မီတာ ၁၀၀ ကို ၉ ဒသမ ၇၈၄ စက္ကန့်နဲ့ ပြေးသွားခဲ့တဲ့စံချိန်က လိုင်လက်စ်ရဲ့ ကစားသမားဘဝ အကောင်းဆုံးစံချိန်လည်း ဖြစ်ခဲ့ပါတယ်။
ဂျမေကာနိုင်ငံသား သွန်ပဆင်က ဒုတိယရခဲ့ပြီး အမေရိကန် နိုင်ငံသား ပဲဖြစ်တဲ့ ကာလေက ၉ ဒသမ ၈၁ စက္ကန့်နဲ့ တတိယကြေးတံဆိပ်ကို ရရှိသွားခဲ့ပါတယ်။
မီတာ ၁၀၀ ပြေးပွဲ ရွှေတံဆိပ်ဆုက အမေရိကန် အိုလံပစ်အသင်းအတွက်လည်း ၂၀၀၄ အိုလံပစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။