ပဲရစ်အိုလံပစ် တင်းနစ် အမျိုးသားတစ်ဦးချင်း ဒုတိယအဆင့်ပွဲမှာ စပိန်တင်းနစ်သမား နာဒယ်ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။ ဇူလိုင်လ ၂၉ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယအဆင့်ပွဲမှာ နာဒယ်ဟာ အစဉ်အလာပြိုင်ဘက် ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်လို့ ပွဲကျပ်တစ်ပွဲဖြစ်ခဲ့ပါတယ်။

အခုပွဲက နာဒယ်နဲ့ ဂျိုကိုဗစ်တို့ ထိပ်တိုက်ဆုံတဲ့ အကြိမ် ၆၀ မြောက် ပွဲစဉ်လည်းဖြစ်ခဲ့ပြီး နာဒယ်ရော ဂျိုကိုဗစ်ပါ အကောင်းဆုံး ကြိုးစားကစားသွားခဲ့တာကို တွေ့ရပါတယ်။ ပွဲချိန်အတွင်းမှာ ဂျိုကိုဗစ်က လက်စွမ်းကောင်းနဲ့အတူ နာဒယ်ကို အသာစီးကနေ ကစားသွားခဲ့ပြီး ပွဲအပြီးမှာ (၆း၁၊၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရကာ တတိယအဆင့်ကို တက်ရောက်ခွင့် ရသွားခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းမှာ ဂျိုကိုဗစ်က ၃၁ ပွဲနိုင် ၂၉ ပွဲရှုံးဆိုတဲ့ မှတ်တမ်းကိုလည်း ရယူသွားနိုင်ခဲ့ပါတယ်။ အခုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့နာဒယ်ကတော့ အယ်ကာရက်ဇ်နဲ့အတူ ယှဉ်ပြိုင်နေတဲ့ အမျိုးသားနှစ်ယောက်တွဲ ပွဲစဉ်ကိုပဲ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ နာဒယ်ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ကစားသမားဘဝကနေ အနားယူဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။