မန်ယူအသင်းဟာ အိုင်ဗရီကို့စ်တောင်ပံတိုက်စစ်မှူး အာမက်ဒီယာလိုကို စာချုပ်သစ်ချုပ်ဖို့ သဘောတူညီမှုရခဲ့ပြီ လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် အာမက်ကို မန်ယူအသင်းက ကာလရှည်သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာမက်ဟာ နည်းပြသစ်အမ်မိုရင်လက်ထက်မှာ အားထားရတဲ့ အဓိက ကစားသမား တစ်ယောက်ဖြစ်လာခဲ့ပြီးနောက် အသင်းဘက်က အခုလိုမျိုး စာချုပ်သစ် ချုပ်ဆိုလိုက်တာပါ။ ပြီးခဲ့တဲ့တစ်ပတ်က အန်ဖီးလ်ကွင်းမှာ မန်ယူအသင်းအတွက် အဖိုးတန်တစ်မှတ်ရစေမယ့် ချေပဂိုးအပါအဝင် အာမက်ဟာ အခုရာသီ မန်ယူအတွက် ၂၈ ပွဲမှာ ၆ ဂိုးသွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ အာမက်ရဲ့ လက်ရှိစာချုပ်က ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အလိုအလျောက် ၁ နှစ်သက်တမ်းတိုးဖို့ကို စာချုပ်ထဲမှာ သဘောတူထားပေမယ့် မန်ယူအသင်း ဘက်က ကာလရှည်စာချုပ်သစ်ကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

၂၀၂၀ မှာ အတ္တလန္တာအသင်းကနေ ပြောင်းရွှေ့ ကြေး ပေါင် ၃၇ သန်းနဲ့ ရောက်လာခဲ့တဲ့ အာမက်ရဲ့ မန်ယူကစားသမားဘဝအစက အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရ ပြီး မန်ယူအသင်းမှာ ပုံမှန်နေရာမရခဲ့လို့ ရိန်းဂျားစ်နဲ့ ဆန်းဒါးလန်းအသင်းတွေဆီ အငှားထွက်ကစားခဲ့ရပါတယ်။၂၀၂၂-၂၃ ဘောလုံးရာသီမှာ ဆန်းဒါးလန်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ အာမက်ဟာ မန်ယူအသင်းကို ၂၀၂၃-၂၄ ရာသီမှာ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် အဲဒီရာသီမှာ မန်ယူအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၂ ဂိုးသွင်းပေးခဲ့သလို အခုရာသီ မှာ အသင်းရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေတာလည်း ဖြစ်ပါတယ်။