ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ အသင်းရဲ့နည်းပြအာတီတာကို (၂၀၂၇)အထိ သက်တမ်းရှိတဲ့ (၃)နှစ်စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ စက်တင်ဘာလ(၁၂)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။
အာတီတာဟာ အာဆင်နယ်အသင်းကို (၂၀၁၉)ခုနှစ်ကစတင်ကာ တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်ပေးခဲ့တာပါ။
ဒါကြောင့်မလို့ အာဆင်နယ်အသင်းဟာ အာတီတာကို စာချုပ်သစ်ချုပ်ဆိုဖို့ လုပ်ဆောင်နေခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ တရားဝင်စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

အသက်(၄၂) အရွယ် နည်းပြအာတီတာဟာ အာဆင်နယ်အသင်းမှာ နည်းပြအဖြစ်(၅)နှစ်ကျော်ကြာ တာဝန်ယူနေခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ အက်ဖ်အေဖလား(၁)ကြိမ်၊ ကွန်မြူနတီဒိုင်း(၂)ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်း ဟာ နည်းပြအာတီတာရဲ့လက်ထက်မှာ ကစားပုံကောင်းမွန်လာခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း နောက်ဆုံး (၂)ရာသီဆက်တိုက် ဒုတိယနေရာရရှိခဲ့ပါတယ်။
အာတီတာဟာ အာဆင်နယ်အသင်းနည်းပြဘဝမှာ ပြိုင်ပွဲစုံ(၂၃၅) ပွဲ ကိုင်တွယ်ခဲ့ပြီး (၁၃၉)ပွဲ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။