ရာသီကြိုခြေစမ်းခရီးအဖြစ် အမေရိကန်ကို သွားရောက်မယ့် ကစားသမား ၂၆ ယောက်စာရင်းကို အာဆင်နယ် အသင်း ကြေညာခဲ့ရာမှာ အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ တိုက်စစ်မှူး ဂျီးဆပ်တို့ ပါဝင်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အမေရိကန်ခြေစမ်းခရီးကို ဇူလိုင် ၂၄ ရက် လော့စ်အန်ဂျလိစ်မှာ ကစားမယ့် ဘုန်းမောက် အသင်းနဲ့ စတင်မှာဖြစ်ပြီး ဇူလိုင် ၂၇ ရက် ကယ်လီဖိုးနီးယားမှာ မန်ယူ၊ ဇူလိုင် ၃၁ ရက် ဖီလာဒဲဖီးယားမှာ လီဗာပူးအသင်းတွေနဲ့ ခြေစမ်းပွဲတွေဆက်တိုက် ကစားမှာဖြစ်ပါတယ်။
အာဆင်နယ်အသင်း လူစာရင်းမှာ ပြီးခဲ့တဲ့တစ်ရာသီလုံးနီးပါး ဒဏ်ရာကြောင့် နားနေခဲ့ရတဲ့ နောက်ခံလူ တင်းဘား အပြင် ထရော့ဆက်၊ ဂျော်ဂျင်ဟိုနဲ့ ဇင်ချန်ကိုတို့လည်း ပါဝင်လာခဲ့ပါတယ်။ နောက်ခံလူ ဂါဘရီရယ်၊ တိုက်စစ်မှူး မာတင်နယ်လီနဲ့ ဟာဗက်ဇ်တို့ ကတော့ ဇူလိုင် ၂၅ ရက်မှာ အသင်းနဲ့ လာရောက်ပူးပေါင်းမှာပါ။
ဒါပေမယ့် အင်္ဂလန်အသင်းနဲ့ အတူ ယူရိုဗိုလ်လုပွဲ အထိ ရောက်ခဲ့တဲ့ ဒစ်ကလန်ရိုက်စ်၊ ရမ်စ်ဒေး၊ ဆာကာနဲ့ စပိန်ဂိုး သမား ရာယာ၊ ပြင်သစ်နောက်ခံလူ ဆာလီဘာ တို့ကတော့ အားလပ်ရက်ပိုပေးထားတဲ့အတွက် အမေရိကခရီးစဉ် မှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။