ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက ရီးရဲလ်တိုက်စစ်မှူး ဗီနီစီးယက်စ်နဲ့ ဗီလာရီးရဲလ်တိုက်စစ်မှူး ချူကူဝီဇီတို့ကို အသားအရောင် ခွဲခြားလှောင်ပြောင်ခဲ့တဲ့ မာယော့ကာအသင်း ပရိသတ်တစ်ဦးကို ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
လာလီဂါရဲ့ ထုတ်ပြန်ချက်မှာတော့ အသားအရောင် ခွဲခြားလှောင်ပြောင်မှု ပြုလုပ်ခဲ့ကြောင်း ထင်ရှား ခဲ့လို့ ဆိုင်းငံ့ထောင်ဒဏ် ၁၂ လချမှတ်ခံရတဲ့ အဲဒီပရိသတ်ဟာ ရီးရဲလ်တိုက်စစ်မှူး ဗီနီစီးယက်စ်ဆီကို စာရေးသား ပေးပို့ကာ တောင်းပန်မှု ပြုလုပ်ခဲ့ပေမဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာလည်း ပါဝင်လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆိုင်းငံ့ထောင်ဒဏ်အပြင် အားကစားပွဲတွေ ကွင်းအတွင်း ဝင်ရောက် ကြည့်ရှုခွင့် ၃ နှစ်အပိတ်ခံရမှာလည်း ဖြစ်ပါတယ်။

ဒီလိုပြစ်ဒဏ်ချမှတ်မှုကို ရီးရဲလ်အသင်းဘက်ကလည်း ကြိုဆိုသွားခဲ့ပြီး ဘောလုံးလောကအတွင်း အသားအရောင်ခွဲခြားမှုတွေကို အပြီးတိုင် ချေမှုန်းသွားရမှာဖြစ်တယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။
မာယော့ကာအသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ လာလီဂါပွဲတွေမှာ ဗီနီစီးယက်စ်နဲ့ ချူကူဝီဇီ တို့ဟာ ၂ ပတ်သာခြားပြီး လူမျိုးရေးခွဲခြားမှုနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ရီးရဲလ်အသင်းရဲ့ ဘရာဇီးတိုက်စစ်မှုး ဗီနီစီးယက်စ်ဟာ မကြာခဏဆိုသလို ပြိုင်ဘက်ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ အသားအရောင်ခွဲခြားမှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။