နယ်သာလန်တိုက်စစ်မှူး ဇာဗီဆီမွန်ကို နောက်ထပ်တစ်ရာသီ အငှားခေါ်ယူထားဖို့အတွက် ပီအက်စ်ဂျီအသင်းနဲ့ သဘောတူညီမှုရခဲ့တယ်လို့ ဂျာမနီကလပ် လိုက်ပ်ဇစ်အသင်းက အတည်ပြုလိုက်ပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ အခုနွေရာသီမှာ တိုက်စစ်မှူး ‘ဆက်စ်ကို’ကို ဆက်ထိန်းထားနိုင်ခဲ့ပြီးနောက် အခုဆီမွန်ကိုပါ ဆက်ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက လိုက်ပ်ဇစ်အသင်းမှာ အငှားလာကစားခဲ့တဲ့ ဆီမွန်ဟာ ပြိုင်ပွဲစုံ ၄၃ ပွဲမှာ ၁၀ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၁၅ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာပါ။
ဒါ့ကြောင့်လည်း အခုနွေရာသီမှာ ဆီမွန်ကို ခေါ်ယူဖို့အတွက် အသင်းဟောင်း ဘာစီလိုနာအပြင် ဘိုင်ယန်မြူးနစ်နဲ့ မန်ယူအသင်းတို့က စိတ်ဝင်စားလာခဲ့ကြတာဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ဆီမွန်ဟာ ၂၀၁၉ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကို ရောက်လာခဲ့တာဖြစ်ပြီး ပြင်သစ်ကလပ်မှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် ပီအက်စ်ဗွီနဲ့ လိုက်ပ်ဇစ်အသင်းတွေဆီ အငှားထွက် ကစားခဲ့ရတာဖြစ်ပါတယ်။
အစောပိုင်းတုန်းက ဆီမွန်အနေနဲ့ အသင်းသစ် တစ်သင်းဆီကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းထွက်ခဲ့ပေမယ့် လိုက်ပ်ဇစ်အသင်းက ဆီမွန်ကို အသင်းမှာ ဆက်ရှိနေအောင် စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။