အသင်းအုပ်ချုပ်မှုပိုင်း အပြောင်းအလဲဖြစ်ထားတဲ့ မန်ယူအသင်းရဲ့ အနာဂတ်အတွက် စိတ်လှုပ်ရှားမိတယ်လို့ နည်းပြတန်ဟတ်က ပြောသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ အက်ဖ်အေဖလားရရှိခဲ့ပြီးနောက် ၂ ပတ်အကြာမှာ နည်းပြတန်ဟတ်ကို ဆက်ထားဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အခုလဆန်းမှာတော့ နည်းပြတန်ဟတ်ကို ၂၀၂၆ အထိ စာချုပ်သစ် ချုပ်လိုက်တယ်လို့ မန်ယူအသင်းက ကြေညာသွားခဲ့တာပါ။
အားလပ်ရက်ခရီးကနေ ပြန်ရောက်လာပြီး နောက် မန်ယူအသင်းလေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တန်ဟတ်က အသင်းအုပ်ချုပ်မှုပိုင်း အပြောင်းအလဲက အသင်းကို အများကြီးအထောက်အကူဖြစ်စေပါလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။

ဗြိတိန်လူမျိုး ရက်ကလစ်ဖ်ဟာ မန်ယူအသင်းရဲ့ ပူးတွဲရှယ်ယာပိုင်ရှင်ဖြစ်လာခဲ့ပြီးနောက် အသင်းရဲ့ အုပ်ချုပ်မှုပိုင်းကို အပြောင်း အလဲတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အသင်းအတွက် အမှန်တကယ် အလုပ်လုပ်ပေးနိုင်စွမ်းရှိတဲ့သူတွေကို ခေါ်ယူ အားဖြည့်ခဲ့တာဖြစ်ပါတယ်။
နည်းပြတန်ဟတ်က မန်ယူအသင်းကို ဆုဖလားတွေ ရယူပေးဖို့ ရောက်လာခဲ့တာ ဖြစ်သလို လာမယ့်ရာသီမှာလည်း အောင်မြင်မှုရယူပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။