စပိန်နောက်ခံလူ နာချိုဟာ အသင်းနဲ့စာချုပ်ပြည့်မယ့် ဇွန်လကုန်မှာ လမ်းခွဲတော့မှာဖြစ်တယ်လို့ ရီးရဲလ်အသင်းက အတည်ပြုခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ် နာချိုဟာ ၂၀၀၁ ခုနှစ်ကတည်းက ရီးရဲလ်မက်ဒရစ် အကယ်ဒမီကို ရောက်လာခဲ့တာဖြစ်ပြီး အသင်းနဲ့ ၂၃ နှစ်ကြာ လက်တွဲခဲ့မှုကို အခုလကုန်မှာပဲ အဆုံးသတ်ရတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီကတော့ နာချိုဟာ အသင်းခေါင်းဆောင်အဖြစ် လာလီဂါနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကို ရယူပေးနိုင် ခဲ့ပြီး ရီးရဲလ်ကစားသမားဘဝ ချန်ပီယံလိဂ်ဆုဖလား ၆ ကြိမ်အပါအဝင် အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း နာချိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ ချန်ပီယံဆုကို ၆ ကြိမ်ရတဲ့ ကစားသမား ၅ ယောက်ထဲက တစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အသင်းနဲ့ ၂၃ နှစ်ကြာ လက်တွဲခဲ့တဲ့ ကာလအတွင်း ပေးဆပ်ခဲ့မှုတွေ အတွက် နာချိုကို ကျေးဇူးတင်မိတယ်လို့ ရီးရဲလ်အသင်းရဲ့ကြေညာချက်မှာ ရေးသားထားပါတယ်။
သတင်းတွေ အရတော့ နာချိုဟာ ဆော်ဒီကလပ် အယ်လ်ကွက်ဆက်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ချိတ်ဆက်နေတယ်လို့ သိရပါတယ်။
