စပိန်ကလပ် အက်သလက်တီကိုအသင်းဟာ မန်စီးတီးအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်ဗာရက်ဇ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
အယ်ဗာရက်ဇ်ဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာလက်ထက်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် အသင်းကြီးနဲ့ကစားရတဲ့ ပွဲစဉ်တွေမှာ အရန်ခုံထိုင်ခဲ့ရတာကြောင့် မန်စီးတီးအသင်းကထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အက်သလက်တီကိုအသင်းဟာ အယ်ဗာရက်ဇ်ကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေးယူရို(၇၅)သန်းအပြင် အပိုဆုကြေး ယူရိုသန်း(၂၀)ကိုလည်း ပေးချေသွားရမှာဖြစ်တယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းဟာ (၂၀၂၂)ခုနှစ်မှာ ရေးဗားပလိတ်အသင်းကနေ အယ်ဗာရက်ဇ်ကို ပေါင်(၁၄)သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အယ်ဗာရက်ဇ်ဟာ မန်စီးတီးကစားသမားဘဝ (၂)ရာသီအတွင်း ပြိုင်ပွဲစုံ(၁၀၃)ပွဲမှာ (၃၆)ဂိုးသွင်းယူကာ (၁၇)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။