အခုနှစ် ဖော်မြူလာဝမ်း ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ အဘူဒါဘီဂရင်းပရီ ပွဲစဉ်မှာ အယ်ပိုင်းအသင်းဟာ အသက် ၂၁ နှစ် အရွယ် ဩစတြေးလျ ဒရိုင်ဗာ ဂျက်ခ်ဒူဟန်းကို ပြိုင်ပွဲဝင်ဒရိုင်ဗာအဖြစ် ယှဉ်ပြိုင်စေမယ်လို့ သိရပါတယ်။ ဒူဟန်း ဟာ လာမယ့် ၂၀၂၅ မှာ ဂတ်စလေနဲ့အတူတွဲပြီး အယ်ပိုင်းအသင်းအတွက် ယှဉ်ပြိုင်ဖို့ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ပါတယ်။
ဒါကြောင့်လည်း အယ်ပိုင်းအသင်းဟာ အဘူဒါဘီ ဂရင်းပရီမှာ ပြိုင်ပွဲဝင်ဒရိုင်ဗာ အိုကွန်ရဲ့နေရာမှာ ဒူဟန်းကို ယှဉ်ပြိုင်စေဖို့ ဆုံးဖြတ်လိုက်တာပါ။ မိုတိုဂျီပီကမ္ဘာ့ချန်ပီယံဆုကို ၅ ကြိမ်ရယူထားနိုင်ခဲ့ဖူးတဲ့ မစ်ဒူဟန်းရဲ့ သား ဖြစ်သူ ဂျက်ခ်ဒူဟန်းဟာ ၂၀၂၁ ကနေ ၂၀၂၃ အထိ ဖော်မြူလာ(၂) ပွဲစဉ်တွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး အခုယှဉ်ပြိုင်ရမယ့် အဘူဒါဘီဂရင်းပရီပွဲစဉ်က သူ့အတွက် ပထမဆုံး ဖော်မြူလာဝမ်း အတွေ့အကြုံ ဖြစ်ပါတယ်။

ပြင်သစ်ဒရိုင်ဗာ အိုကွန်နဲ့ အယ်ပိုင်းအသင်းတို့ကတော့ အခုနှစ်ကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး နှစ်ဖက်ဆက်ဆံရေးအခြေအနေ ဆိုးရွားလာမှုကြောင့် စာချုပ်သစ် မချုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ အယ်ပိုင်းအသင်းရဲ့ ကြေညာချက်မှာတော့ အယ်ပိုင်းအသင်းအတွက် ပထမဆုံး ဂရင်းပရီနိုင်ပွဲကို ရယူပေးနိုင်ခဲ့တဲ့ အိုကွန်အနေနဲ့ အသင်းသမိုင်းမှာ အမှတ်ရစရာအဖြစ် အမြဲရှိနေမှာပါလို့ ရေးသားထားပါတယ်။