ပေါ်တူဂီအသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ပြီးနောက် အနားယူနေတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ အခုတစ်ပတ် အယ်နာဆာအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို လာရောက်ပူးပေါင်းခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ် ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်း ကွာတားဖိုင်နယ်အထိရောက်အောင် ဦးဆောင်ပေးခဲ့ပေမယ့် သွင်းဂိုးတစ်ဂိုးမှ မရခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ကလပ်အသင်း အယ်နာဆာကို ပြန်လည်ရောက်ရှိလာပြီးနောက်မှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ပုံတွေကို ရော်နယ်ဒိုက သူ့ရဲ့လူမှုကွန်ရက်မှာတင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဆော်ဒီလိဂ်ရဲ့ တစ်ရာသီသွင်းဂိုး အများဆုံး ကစားသမားဖြစ်ခဲ့ပြီး လာမယ့်ရာသီမှာလည်း သူ့ရဲ့ပုံမှန်ဂိုးသွင်းအားကို ထပ်ပြနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီ ဆော်ဒီပရိုလိဂ်မှာ အဆင့်-၂ ရခဲ့တဲ့အယ်နာဆာအသင်းဟာ လာမယ့် ဩဂုတ်လ ၁၄ ရက်မှာ ဆော်ဒီစူပါဖလား ဆီမီးဖိုင်နယ်အဖြစ် အယ်တာဝန်းအသင်းနဲ့ ကစားရမှာဖြစ်ပြီး နောက် ၄ ရက်အကြာမှာ ဆော်ဒီပရိုလိဂ် ရာသီအဖွင့်ပွဲအဖြစ် အယ်ရိဒ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။၊