လီဗာပူးအသင်းနဲ့ လမ်းခွဲပြီးနောက် အနားယူနေခဲ့တဲ့ နည်းပြကလော့ပ်ဟာ အသင်းဟောင်း ဒေါ့မွန်အသင်းရဲ့ အထိမ်းအမှတ်ပွဲအတွက် စက်တင်ဘာလ(၆)ရက်နေ့က ဒေါ့မွန်အသင်းရဲ့လေ့ကျင့်ရေးကို ရောက်ရှိလာခဲ့ပါတယ်။
ဒေါ့မွန်အသင်းဟာ အသင်းရဲ့ကစားသမားဟောင်းတွေဖြစ်ကြတဲ့ ပစ်ဇက်ခ်နဲ့ ဘလာဇီကောစကီးတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အထိမ်းအမှတ်ပွဲလုပ်ဖို့ စီစဉ်ထားခဲ့တာပါ။
ဒီကစားသမားတွေက နည်းပြကလော့ပ်ရဲ့တပည့်တွေလည်း ဖြစ်ကြတာမလို့ အထိမ်းအမှတ်ပွဲကို ဂုဏ်ပြုဖို့အတွက် ကလော့ပ်က ဒေါ့မွန်အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့တာဖြစ်ပါတယ်။

ဒီအထိမ်းအမှတ်ပွဲမှာ ပစ်ဇက်ခ်နဲ့ ဘလာဇီကောစကီးတို့က တစ်သင်းဆီကစားသွားကြမှာ ဖြစ်ပြီး ကလော့ပ်က ဘလာဇီကောစကီးပါဝင်တဲ့အသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားမယ်လို့ သိရပါတယ်။
နည်းပြကလော့ပ်ဟာ ဒေါ့မွန်အသင်းကို (၂၀၀၈)ခုနှစ်ကနေ (၂၀၁၅)ခုနှစ်အထိ တာဝန်ယူကိုင်တွယ်ခဲ့တာ ဖြစ်ပြီး အသင်းနဲ့အတူ ဘွန်ဒက်လီဂါဖလား(၂)လုံးအပါအဝင် ဆုဖလား(၅)လုံး ရယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။