စင်စင်နာတီအိုးပင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်မှာ ပြင်သစ်နိုင်ငံသား မွန်ဖေးစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲက သူ့ရဲ့ ကစားသမားဘဝ အဆိုးရွားဆုံးပွဲ ဖြစ်ခဲ့တယ်လို့ စပိန်တင်းနစ်သမား အယ်ကာရက်ဇ်က ဝန်ခံသွားခဲ့ပါတယ်။
အခုနှစ်မှာ ဝင်ဘယ်ဒန်နဲ့ ပြင်သစ်အိုးပင်းချန်ပီယံဆုတွေကို ရရှိထားတဲ့ အယ်ကာရက်ဇ်ဟာ အခုပွဲစဉ်ရဲ့ ပထမပွဲလတ်မှာ အနိုင်ရလဒ်နဲ့ ဦးဆောင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ အမှားအယွင်းတွေ များလာခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း အယ်ကာရက်ဇ်ဟာ ပွဲယှဉ်ပြိုင်နေချိန်အတွင်းမှာ သူ့ရဲ့ရက်ကက်ကို ဒေါသထွက်ပြီး ရိုက်ချိုးခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပြိုင်ပွဲအပြီးမှာတော့ မွန်ဖေးစ်က (၄း၆၊၇း၆၊၆း၄)ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရသွားခဲ့ပြီး နောက်တစ်ဆင့်ကို တက်သွားနိုင်ခဲ့တာပါ။
အခုပြိုင်ပွဲမှာ ဒုတိယအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် အယ်ကာရက်ဇ်က သူ့ရဲ့ ကစားသမားဘဝ အဆိုးရွားဆုံးပွဲ ဖြစ်ခဲ့တယ်လို့ ခံစားမိခဲ့ရသလို လာမယ့် ပွဲတွေမှာ အခုထက်ပိုကောင်းအောင် ကစားပြနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောသွားခဲ့ပါတယ်။
အယ်ကာရက်ဇ်ဟာ လက်ရှိ ကမ္ဘာ့အဆင့်-၃ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ပွဲအတွင်း ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့တဲ့ သူ့ရဲ့အပြုအမူနဲ့ ပတ်သက်လို့လည်း အရေးယူခံရဖွယ်ရှိနေတာ ဖြစ်ပါတယ်။