ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ကာလတွေတုန်းက အင်္ဂလန်နည်းပြဖြစ်လာဖို့အတွက် ကမ်းလှမ်းမှု အပါအဝင် လက်ရွေးစင်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။
အသက် ၆၁ နှစ်အရွယ် မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဇွန်လက တူကီယဲကလပ် ဖီနာဘာချီအသင်းရဲ့ နည်းပြရာထူးကို လက်ခံခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းနည်းပြ ရာထူးက သူနဲ့ အဆင်ပြေနိုင်မယ့် ရာထူးမဟုတ်ဘူးလို့လည်း မော်ရင်ဟို က ပြောသွားခဲ့ပါတယ်။
နည်းပြဘဝမှာ ချန်ပီယံလိဂ်ဆုဖလား ၂ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၂၆ လုံးအထိ ရယူနိုင်ခဲ့တဲ့ မော်ရင်ဟိုက အင်္ဂလန်နည်းပြအဖြစ် တာဝန်ယူဖို့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ ကမ်းလှမ်းမှု ၂ ကြိမ်ကို ငြင်းပယ်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

တစ်လမှ ၁ ပွဲ ၂ ပွဲလောက်သာ ကစားရသလို ကစားသမားတွေရဲ့ခြေစွမ်းကို လေ့လာဖို့အတွက် ပွဲတွေလိုက်ကြည့်ရတဲ့ လက်ရွေးစင်အသင်းနည်းပြ အလုပ်က သူ့ကို ပျော်ရွှင်စေနိုင်မှာ မဟုတ်တဲ့အတွက် အခုလိုမျိုး ငြင်းပယ်ခဲ့တာလို့လည်း မော်ရင်ဟိုက ရှင်းလင်းပြောဆို သွားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဖီနာဘာချီအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း မော်ရင်ဟိုက ဖွင့်ဟသွားခဲ့ပါတယ်။