အင်ဒိုနီးရှားလက်ရွေးစင်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး ကလွိုက်ဗက်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီလို့ ဇန်နဝါရီလ(၈)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။ (၂၀၂၆)ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် ကြိုးစားနေတဲ့ အင်ဒိုနီးရှားအသင်းဟာ နည်းပြရှင်တေးယောင်ကို ထုတ်ပယ်ပြီး ကလွိုက်ဗက်ကို နည်းပြသစ်ခန့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အင်ဒိုနီးရှားအသင်းဟာ နည်းပြကလွိုက်ဗက်ကို (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ကြိုက်နှစ် သက်ရင် နောက်ထပ်သက်တမ်းတိုးခွင့်ကိုလည်း စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ (၂၀၂၆) ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံစံသစ်နဲ့ကျင်းပမှာဖြစ်ပြီး အသင်းပေါင်း(၄၈)သင်းက ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ နည်းပြကလွိုက်ဗက်ဟာ အင်ဒိုနီးရှားအသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်အောင် အရင်ဆုံး လုပ်ဆောင်ပေးသွားရမှာ ဖြစ်ပါတယ်။

(၂၀၂၆)ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်၊ တတိယအဆင့်ကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှားအသင်းဟာ အုပ်စုအတွင်း အဆင့်(၃)နေရာမှာ ရပ်တည်နေပါတယ်။ အဆင့်(၂)နေရာနဲ့ (၁)မှတ်သာ ကွာဟနေခဲ့တာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်ကောင်း ရရှိအောင် ကစားနိုင်ခဲ့မယ်ဆိုရင် တိုက်ရိုက်ဝင်ခွင့် ရဖို့အတွက် အခြေအနေကောင်းနေတာလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားအသင်းဟာ ဖီဖာကမ္ဘာ့အဆင့်ရပ်တည်မှုအဖြစ် (၁၂၇)နေရာမှာ ရပ်တည်နေတာဖြစ်ပြီး နည်းပြသစ် ကလွိုက်ဗက် ရောက်ရှိလာခဲ့တာက ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ဖြစ်လာခဲ့ရပါတယ်။