၂၀၂၅ မေဂျာလိဂ်ရာသီအတွက် အင်တာမိုင်ယာမီအသင်းဟာလေ့ကျင့်မှုတွေ ပြန်လည်စတင်နေပြီဖြစ်ပြီး လေ့ကျင့်မှုမှာ မက်ဆီ အပါအဝင်လူစုံပါဝင်ခဲ့ကြပါတယ်။ နည်းပြသစ်မာရှေယာနိုကတော့ အသင်းလေ့ကျင့်ရေးမှာ လူစုံတက်စုံ လေ့ကျင့်နိုင်ခဲ့တဲ့အတွက် ဝမ်းသာပျော်ရွှင်မိသလို ကစားသမားတွေကို လန်းလန်းဆန်းဆန်းနဲ့ မြင်တွေ့ရတဲ့ အတွက် စိတ်ကျေနပ်တယ်လို့ ပြောပါတယ်။

မေဂျာလိဂ်ကစားသမားတွေဟာ အသင်းတွေဆီကို လေ့ကျင့်မှု အတွက် ပူးပေါင်းရမယ့် ဇန်နဝါရီ ၁၃ ရက်နေ့မတိုင်ခင် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ဆေးစစ်မှုတွေပြုလုပ်ခဲ့ရပြီးမှ အသင်းနဲ့အတူ ပူးပေါင်းခွင့်ရတာဖြစ်ပါတယ်။ နည်းပြမာရှေယာနိုဟာ အသင်းရဲ့ရာသီကြိုခရီးစဉ်အတွင်းမှာ အသင်းရဲ့အကောင်းဆုံးလူစာရင်းကို တည်ဆောက်သွားရမှာဖြစ်ပါတယ်။

အသင်းနဲ့အတူလေ့ကျင့်ရက်က နည်းပါးသေးပေမယ့် နည်းပြ မာရှေယာနိုရဲ့ ဦးဆောင်မှုအောက်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်မယ်ဆိုတဲ့ ခံစားချက်မျိုးကို ခံစားနေရတယ်လို့ ကွင်းလယ်ကစားသမား ယန်နစ်ဘရိုက်က ပြောပါတယ်။အင်တာမိုင်ယာမီအသင်းဟာ လာမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ရာသီကြို ပထမဆုံးခြေစမ်းပွဲအဖြစ် ကလပ်အမေရိကအသင်းနဲ့ကစားရမှာဖြစ်ပြီး အသင်းရဲ့ အဓိက ဂိုသမား ကယ်လန်ဒါ၊ ကွင်းလယ်လူ ကရီမက်ချီ တို့ကတော့ အမေရိကန်လက်ရွေးစင်အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်နေလို့ ရာသီကြိုခြေစမ်းပွဲတွေကို လွဲချော်မှာဖြစ်ပါတယ်။