ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာတွေရရှိခဲ့တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ပြန်လည်သက်သာ လာတဲ့အတွက် ဆေးရုံကဆင်းပြီဖြစ်တယ်လို့ စိုးလင်းဦး(ဒို့ရိုးရာ)ဆိုတဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ဒီဇင်ဘာ ၃ ရက်မှာ အသိပေးထားပါတယ်။
ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ နောက်လာမယ့် ပွဲစဉ်တွေကို အကောင်းဆုံးထိုးသတ်နိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒဏ်ရာကနေ သက်သာပျောက်ကင်းလာဖို့ ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း လက်ဝှေ့ကျော် စိုးလင်းဦးက လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့်ကျေးဇူးတင်စကားဆို ခဲ့ပါတယ်။
လက်ဝှေ့ကျော်စိုးလင်းဦး မောင်းလာတဲ့ကားဟာ နိုဝင်ဘာ ၃၀ ရက်က ကရင်ပြည်နယ်အတွင်း တောင်ကုန်းပေါ်က အဆင်း ကားဘရိတ်မမိတဲ့အတွက် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးဟာ One Championship ကကျင်းပတဲ့ မွေထိုင်းပြိုင်ပွဲတွေမှာ လေးပွဲထိုးသတ် ခဲ့ရာ သုံးပွဲနိုင် တစ်ပွဲရှုံးထားပါတယ်။ ဓာတ်ပုံ- Soe Lin Oo-Doe Yoe Yar