အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC)ဟာ လာမယ့်ဇွန်လမှာ နုတ်ထွက်မယ့် သောမတ်ဘတ်ချ်ရဲ့ နုတ်ထွက်စာကို လက်ခံလိုက်ပြီလို့ ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပါတယ်။ လက်ရှိ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ သောမတ်ဘတ်ချ်ဟာ လာမယ် မတ်လ ၂၀ ရက်နေ့မှာ ကျင်းပမယ့် ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲမှာ အနိုင်ရသူကို ဇွန်လ ၂၃ ရက်မှာ ဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

သောမတ်ဘတ်ချ်ဟာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ရာထူးကို ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးအပြီးမှာ အိုလံပစ်ကော်မတီရဲ့ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်မှာ ဖြစ်ပါတယ်။ ဇွန်လ ၂၃ ရက်နေ့မှာ အတည်ဖြစ်မယ့် သောမတ်ဘတ်ချ်ရဲ့ နုတ်ထွက်စာကို လက်ခံဖို့ အိုလံပစ်ကော်မတီအမှုဆောင်ဘုတ်အဖွဲ့က သဘောတူညီခဲ့ကြတယ်လို့ ကြေညာ ချက်မှာ ရေးသားထားပါတယ်။

၁၉၉၁ မှာ အိုလံပစ်ကော်မတီရဲ့ ဘုတ်အဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ အသက် ၇၁ နှစ်အရွယ် ဘတ်ချ်ဟာ အသက် ၈၀ အရွယ်အထိ အိုလံပစ်ကော်မတီ ဘုတ်အဖွဲ့ဝင်အဖြစ် နေခွင့်ရှိပေမယ့် လာမယ့် ဇွန်လ မှာပဲ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဘတ်ချ်ရဲ့ ဥက္ကဋ္ဌရာထူးကို ဆက်ခံဖို့အတွက် ယှဉ်ပြိုင်သူ ၇ ယောက် အထိရှိနေပြီး လက်ရှိ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆီဘတ်ရှန်ကိုးက အနိုင်ရဖို့အတွက် ထိပ်ဆုံးက ရေပန်းစား နေတာဖြစ်ပါတယ်။