ဝင်ဘယ်ဒန်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း လက်ရှိချန်ပီယံဖြစ်တဲ့ စပိန်တင်းနစ်သမား အယ်ကာရက်ဇ်ဟာ အခုနှစ် ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်လာခဲ့ပါတယ်။
ဇူလိုင်လ ၉ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကွာတား ဖိုင်နယ်ပွဲစဉ်မှာ အယ်ကာရက်ဇ်ဟာ အမေရိကန်တင်းနစ်သမား တွမ်မီပေါလ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပထမပွဲလတ်မှာ တွမ်မီပေါလ်အနိုင်ရမှုနဲ့အတူ ပွဲက အကြိတ်အနယ်ရှိခဲ့တာပါ။
နောက်ပိုင်းပွဲတွေမှာတော့ အယ်ကာရက်ဇ်က အားနည်းချက်တွေကို ပြင်ဆင်လာနိုင်ခဲ့သလို တွမ်မီပေါလ်ကိုလည်း ဖိအားပြန်ပေးလာနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် ၃ နာရီကျော်ကြာ ယှဉ်ပြိုင်အပြီးမှာတော့ အယ်ကာရက်ဇ်က တွမ်မီပေါလ်ကို (၅း၇၊၆း၄၊၆း၂၊၆း၂)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်သွားခဲ့တာဖြစ်ပါတယ်။
အခုပြိုင်ပွဲမှာ ဆီဒင်အဆင့်-၃ ရထားတဲ့ အယ်ကာရက်ဇ်အတွက်တော့ ဝင်ဘယ်ဒန်ပြိုင်ပွဲရဲ့ ပွဲစဉ် ၁၂ ပွဲဆက် အနိုင်ရမှုလည်း ဖြစ်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာတော့ အယ်ကာရက်ဇ်ဟာ ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်နဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။