တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ မားလီပိုခရိုင်မှာ ဇူလိုင် ၁၄ ရက်ကနေ ၂၀ ရက်ထိ ကျင်းပပြုလုပ်ခဲ့တဲ့ အသက် ၁၈ နှစ် အောက် အမျိုးသား သုံးယောက်တွဲ ဘတ်စကက်ဘောပြိုင်ပွဲမှာ မြန်မာဘတ်စကက်ဘောအသင်းက ငွေတံ ဆိပ်ဆု ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ကနေ သိရပါတယ်။
အောင်ပွဲရ မြန်မာဘတ်စကက်ဘောအသင်းရဲ့ အုပ်ချုပ်သူ ၊ နည်းပြ၊ ကစားသမားအဖွဲ့ စုစုပေါင်း ၇ ယောက် က တော့ ဇူလိုင် ၂၀ ရက်၊ နေ့လယ်ပိုင်းမှာ ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာပြီး အား/ကာ သိပ္ပံ နဲ့ မြန်မာ ဘတ်စကက်ဘော အဖွဲ့ချုပ်မှ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပါတယ်။
အခုဘတ်စကက်ဘောပြိုင်ပွဲကိုတော့ တရုတ် နဲ့ အာဆီယံနိုင်ငံတွေ ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ ရည်ရွယ် ပြီး တရုတ်နိုင်ငံက ဖိတ်ခေါ်ကျင်းပပြုလုပ်ခဲ့တာလို့လည်း မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။
ပြိုင်ပွဲမှာတော့ မြန်မာလူငယ်ဘတ်စကက်ဘောအသင်းအနေနဲ့ နိုင်ငံတကာ အတွေ့အကြုံကောင်းတွေ ရရှိခဲ့ပြီး လာမယ့် ပြိုင်ပွဲတွေအတွက် နည်းပညာပိုင်း တိုးတက်မှုတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပထမဆုံး နိုင်ငံတကာ ဘတ်စကက်ဘောပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရတာ ဖြစ်လို့ အတွေ့အကြုံ ကောင်းတွေ ရရှိခဲ့တယ်လို့ ပြိုင်ပွဲမှာ အကောင်းဆုံး ကစား သမားဆု ရရှိခဲ့တဲ့ မောင်စိုင်းအောင်အောင်က ပြောပါတယ်။
အဲဒီဘတ်စကက်ဘောပြိုင်ပွဲကိုတော့ မြန်မာ၊ ထိုင်း၊ မလေးရှားနိုင်ငံတွေ ပါဝင်တဲ့ အာဆီယံ ၆ နိုင်ငံ နဲ့ တရုတ်နိုင်ငံက ဘတ်စကက်ဘောအသင်း ၅ သင်း စုစုပေါင်း အသင်း ၁၁ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပြီး မြန်မာဘတ်စကက်ဘောအသင်းက မလေးရှားနိုင်ငံ ဘတ်စကက်ဘောအသင်း နဲ့ ပူးတွဲဒုတိယ (ငွေတံဆိပ်ဆု) ကို ရရှိခဲ့တာ ဖြစ်ပါတယ်။