မန်ယူအသင်းရဲ့ လူသစ်ရှာဖွေခေါ်ယူမှုတွေနဲ့ ပတ်သက်လို့ နည်းပြတန်ဟတ်က ကာကွယ်ပြောကြားသွားခဲ့ပြီး သူနဲ့ လက်တွဲခဲ့ဖူးတဲ့ ကစားသမားတွေကို ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုခဲ့တာမျိုး မရှိဘူးလို့လည်း ပြောသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ အခုနွေရာသီမှာ နယ်သာလန်တိုက်စစ်မှူး ဇက်ဇီးကို ခေါ်ယူခဲ့သလို အခုနောက်ဆုံး ခေါ်ယူထားခဲ့တဲ့ နောက်ခံလူ ဒီလစ်ချ်နဲ့ မာဇရာဝီတို့ကလည်း တန်ဟတ်နဲ့အတူ အေဂျက်ဇ်အသင်းမှာ လက်တွဲခဲ့ဖူးတာ ဖြစ်ပါတယ်။
မန်ယူအသင်းနည်းပြအဖြစ် တန်ဟတ်ကို ခန့်အပ်ခဲ့ပြီးနောက်ပိုင်း အသင်းဟောင်း အေဂျက်ဇ် အသင်းရဲ့ ကစားသမား ၅ ယောက်အထိ မန်ယူအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး တန်ဟတ်ကတော့ သူ့ရဲ့ တပည့်ဟောင်းတွေကို ရွေးချယ်ပြီး ခေါ်ယူခိုင်းတာမျိုး မရှိဘူးလို့ ပြောသွားခဲ့တာပါ။

မန်ယူအသင်းအနေနဲ့ လူသစ် ခေါ်ယူဖို့အတွက် ဆုံးဖြတ်မှုတွေမှာ မိမိရဲ့အမြင်တစ်မျိုးတည်းအပေါ်မှာ မူမတည်ဘဲ ကလပ်အသင်းဘက်ကသာ အလုံးစုံ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့ တန်ဟတ်က ဖြေရှင်းသွားခဲ့ပါတယ်။
ဆက်လက်ပြီး မန်ယူအသင်းရဲ့ အခုနွေရာသီ ပြင်ဆင်အားဖြည့်မှုတွေနဲ့ ပတ်သက်လို့ အားရမိသလို အသင်းအဝတ်လဲခန်းအတွင်း ယုံကြည်မှုတွေ လည်း တိုးမြင့်လာခဲ့ပြီဖြစ်တယ်လို့လည်း တန်ဟတ်က ပြောသွားခဲ့ပါတယ်။