ကျင်းပနေဆဲ ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသမီး မီတာ ၄၀၀ တန်းကျော်ပြေးပွဲမှာ အမေရိကန်နိုင်ငံသူ လီဗရုန်းက ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။
ဩဂုတ်လ ၈ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီး မီတာ ၄၀၀ တန်းကျော် ပြေးပွဲ ဗိုလ်လုပွဲစဉ်မှာ အမေရိကန်နိုင်ငံသူတွေ ကြီးစိုးသွားခဲ့တယ်လို့ ပြောနိုင်ပြီး အမေရိကန် ပြိုင်ပွဲဝင် ၃ ယောက် အထိ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
ပြိုင်ပွဲယှဉ်ပြိုင်ချိန်မှာလည်း အမေရိကန်ပြိုင်ပွဲဝင် တွေဖြစ်ကြတဲ့ လီဗရုန်းနဲ့ ကော့ခ်ရဲလ်တို့က ပြိုင်ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး လီဗရုန်းက ရှေ့ဆုံးကနေ ပန်းဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုပွဲစဉ်မှာ လီဗရုန်း ရယူနိုင်ခဲ့တဲ့ ၅၀ ဒသမ ၃၇ စက္ကန့်ဆိုတဲ့ စံချိန်ကလည်း အရင်ကမ္ဘာ့စံချိန်ဖြစ်တဲ့ ၅၀ ဒသမ ၆၅ စက္ကန့်ဆိုတဲ့ စံချိန်ကို ချိုးဖျက်ခဲ့ပြီး ကမ္ဘာ့စံချိန်သစ် ဖြစ်လာခဲ့ပါတယ်။
လီဗရုန်းအနေနဲ့ကလည်း အိုလံပစ် မီတာ ၄၀၀ တန်းကျော်ပြေးပွဲ ရွှေတံဆိပ်ဆုကို ၂ ကြိမ်ဆက် ရယူနိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံသူ ကော့ခ်ရဲလ်က ၅၁ ဒသမ ၈၇ စက္ကန့်နဲ့ ဒုတိယရခဲ့ပြီး ဒီစံချိန်က ကော့ခ်ရဲလ်ရဲ့ ကစားသမား ဘဝ အကောင်းဆုံးစံချိန်လည်း ဖြစ်ခဲ့ပါတယ်။ နယ်သာလန်နိုင်ငံသူ ဖန်ကီဘိုးလ်က ၅၂ ဒသမ ၁၅ စက္ကန့်နဲ့ တတိယ ကြေးတံဆိပ်ဆု ရရှိသွားခဲ့ပါတယ်။