ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းဟာ လိဂ်ဖလား၊ တတိယအဆင့်ပွဲစဉ်ဖြစ်တဲ့ ဘာရိုးအသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်အစွမ်းပြပြီး (၅)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အခုပွဲစဉ်ကို အိမ်ကွင်းမှာကစားခဲ့ ရတာဖြစ်သလို ခြေစွမ်းပိုင်းအသာစီးနဲ့ ဖိအားပေးကစားရင်း ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေတုန်းက အရန်ခုံမှာထိုင်ခဲ့ရတဲ့ ကစားသမားအများစုကို အခုပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာခဲ့တာဖြစ်ပြီး သွင်းဂိုးတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကို တိုက်စစ်မှူးအန်ကွန်ကူက ပွဲချိန်(၈)မိနစ်၊ (၁၅)မိနစ်နဲ့ (၇၅)မိနစ်တို့မှာ သွင်းယူပေးခဲ့ပြီး တောင်ပံကစားသမား နီတိုက ပွဲချိန်(၄၈)မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။
ပွဲချိန်(၂၈)မိနစ်မှာ ဂျာအိုဖီးလစ်ရဲ့ ဖရီးကစ်ကတစ်ဆင့် ဘာရိုး ဂိုးသမား ဖာမန်းက ကိုယ့်ဂိုးကိုယ်ပြန်သွင်းယူမိခဲ့တာကြောင့် ချယ်လ်ဆီးအသင်းက ဂိုးထပ်မံရရှိခဲ့ပါသေးတယ်။
ချယ်လ်ဆီးအသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် လိဂ်ဖလား စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။