ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးတောင်ပံကစားသမား ရိုဒရီဂိုဟာ (၂၀၂၄)ခုနှစ်အတွက် ရွှေဘောလုံးဆု ဆန်ခါတင် အယောက်(၃၀)စာရင်းမှာ မပါဝင်ခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ စက်တင်ဘာလ(၈)ရက်နေ့က ပြောပါတယ်။
ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ရွှေဘောလုံးဆု ဆန်ခါတင် စာရင်းမှာ မပါခဲ့တာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာပါ။
ဆန်ခါတင်စာရင်းမှာ ပါဝင်တဲ့ တခြားကစားသမားတွေအကြောင်း မပြောချင်ပေမယ့် အနည်းဆုံးတော့ အဆင့်(၃၀)နေရာမှာ ပါသင့်တယ်လို့ ရိုဒရီဂိုက ပြောပါတယ်။

အခုလို မပါဝင်ခဲ့တဲ့အတွက် အံ့အားသင့်ခဲ့ရသလို ရွှေဘောလုံးဆု ဆန်ခါတင်စာရင်းမှာ မပါဝင်တာက ဆုံးဖြတ်တဲ့ လူတွေရဲ့အပေါ်မှာပဲ မူတည်တာကြောင့် ဘာမှလုပ်လို့မရဘူးလို့လည်း ရိုဒရီဂိုက ဆက်လက်ပြောကြားခဲ့ပါသေးတယ်။
ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ(၅၁)ပွဲမှာ (၁၇)ဂိုးသွင်းယူနိုင်ခဲ့သလို ချန်ပီယံလိဂ်၊ လာလီဂါနဲ့ စပိန်စူပါဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။