အောင်မြင်မှုတွေရဖို့အတွက် မန်ယူအသင်းကို အစကနေ ပြန်လည်တည်ဆောက်ဖို့ လိုအပ်တယ်လို့ ပြောခဲ့တဲ့ တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုရဲ့မှတ်ချက်ကို စက်တင်ဘာလ(၁၂)ရက်နေ့မှာ မန်ယူနည်းပြ တန်ဟတ်က ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ သူ့ရဲ့ကိုယ်ပိုင်ယူကျုချန်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မန်ယူအသင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောကြားခဲ့တာပါ။
ရော်နယ်ဒိုက မန်ယူအသင်းကို ပရီးမီးယားလိဂ်ဖလား မရနိုင်ဘူးလို့ ပြောခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာ သူကမန်ယူအသင်းရဲ့ အဝေးမှာရှိနေပြီဖြစ်တာကြောင့် သူ့ရဲ့ အမြင်ကိုလည်း ပြောပိုင်ခွင့်ရှိတယ်လို့ မန်ယူနည်းပြတန်ဟတ်က ပြောပါတယ်။

ဒါပေမဲ့ ဘောလုံးရာသီသစ်က အခုချိန်မှ စတင်တာဖြစ်လို့ အသင်းရဲ့ရလဒ်တွေအပေါ် ပြောဖို့စောလွန်းနေသေးပြီး စောင့်ကြည့်သွားဖို့အတွက် လိုအပ်တယ်လို့ တန်ဟတ်က ဆက်လက်ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ အခုဘောလုံးရာသီ ပရီးမီးယားလိဂ် (၃)ပွဲ ကစားပြီးချိန်မှာ (၁)ပွဲနိုင်၊ (၂)ပွဲရှုံးရလဒ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၁၄)နေရာမှာ ရပ်တည်နေ တာဖြစ်ပါတယ်။