အီတလီလူမျိုး ဝါရင့်နည်းပြ အန်ဆလော့တီဟာ အခုနှစ် ဘောလုံးရာသီအကုန်မှာ ရီးရဲလ်အသင်းကနေထွက်ဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ အန်ဆလော့တီနဲ့ ရီးရဲလ်အသင်းတို့ စာချုပ်က ၂၀၂၆ ဇွန်လအထိ သက်တမ်းရှိပေမယ့် စာချုပ်မပြည့်ခင်မှာဘဲ အသင်းနဲ့လမ်းခွဲဖို့ အန်ဆလော့တီ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

၂၀၂၁ ဇွန်လမှာ ရီးရဲလ်အသင်းကို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် အန်ဆလော့တီ ဟာ အသင်းကို လာလီဂါ ချန်ပီယံဆု ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဆုဖလား ၂ ကြိမ်အပါအဝင် အောင်မြင်မှုတွေရအောင် ဦးဆောင်ပေးနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ရီးရဲလ်အသင်းနဲ့အတူ အင်တာကွန်တီနန်တယ်ဖလားကို ရယူနိုင်ခဲ့ ပြီးနောက် ရီးရဲလ်အသင်းသမိုင်းမှာ ဆုဖလားအများဆုံးရယူပေးနိုင်တဲ့နည်းပြအဖြစ် အန်ဆလော့တီ မှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။ စပိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အန်ဆလော့တီဟာ အခုရာသီမှာ ရီးရဲလ်အသင်းနဲ့ အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခုဖြစ်လာဖို့ မျှော်လင့်နေပြီး ရာသီအကုန်မှာ ဘာနေဗျူးကနေထွက်ခွာဖို့အတွက် စဉ်းစားနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းထွက်ပေါ်လာပြီးနောက်မှာပဲ လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုက ရီးရဲလ်နည်းပြသစ်ဖြစ်လာဖို့အတွက် ရေပန်းစားလာခဲ့ပါတယ်။ အလွန်ဆိုကတော့ ရီးရဲလ်အသင်းနဲ့ သူ့ကြားမှာ ရှိတဲ့ ဆက်ဆံရေးက ကောင်းမွန်နေပေမဲ့ လက်ရှိမှာ ရာသီဝက် ကာလကို ရောက်နေတာဖြစ်လို့ လေဗာကူဆင် အသင်းနဲ့အတူ အောင်မြင်မှုရဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောကြားထားပါတယ်။